ပခုက္ကူ ဩဂုတ် ၂၁
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပခုက္ကူခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းသူ ၉၉ ဦး ရှိကြောင်း ပခုက္ကူခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃ နေရာ၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၊ အမှတ်(၂)တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ၅ နေရာ စုစုပေါင်း ၁၈ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းသူ ၉၉ ဦး ရှိကြောင်းသိရသည်။
၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ရရှိရေးနှင့် မဲပေးပိုင် ခွင့်ရှိသူများ ပါဝင်မဲပေးနိုင်ရေးတို့အတွက် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၂၅ရက်မှ ဩဂုတ်လ၁၄ရက်အထိ ခရိုင် အတွင်း သက်ဆိုင်ရာ မြို့ပေါ်နှင့် ကျေးရွာကော်မရှင်ရုံးများတွင် ပထမအကြိမ်မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာရာ မဲဆန္ဒရှင်ပြည်သူတွေအနေဖြင့် လာရောက် ကြည့်ရှုသူ (၃၁၈၃၃၄)ဦးရှိကြောင်း၊ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာကို ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဉ်းသော ကန့်ကွက်လွှာ ကို ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဉ်းသောပြင်ဆင်လွှာကို ပုံစံ(၄-ဂ)ဖြင့် လည်းကောင်း လျှောက်ထားနိုင်ကြောင်းတို့ကို ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊မြိုင်၊ပေါက်နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် အသိပညာပေးလှုံ့ဆော်ရေး ပိုစတာစိုက်ထူခြင်းနှင့် အသံချဲ့စက်ဖြင့်လှည့်လည်လှုံ့ဆော်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ် လောင်းတင်သွင်းသည့်စာရင်းများကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးတွင် ဩဂုတ်လ၁၁ရက်မှ ၁၇ရက်ထိ စိစစ်ခဲ့ကြောင်း ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောသည်။
ပခုက္ကူခရိုင်တွင် ရပ်ကွက်(၅၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၂၉)အုပ်စု၊ ကျေးရွာပေါင်း(၄၈၃) ရွာရှိပြီး လွှတ်တော် ကိုယ်စား လှယ်အမည်စာရင်းတင်သွင်းသူအနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၂၈ဦး၊အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၇ဦး၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂၈)ဦး၊ အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး တို့ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး(IPRD)