လက်ပံတန်းမြို့နယ် မြို့မဈေး မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်

လက်ပံတန်း ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မြို့မဈေး မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄  နာရီက မြို့ဈေးကြီးအတွင်းအပြင်၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလင်းကျော်က မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန်များတွင် ရေများ အဆင့်အသင့်ရှိစေရေး၊ အသေးစား မီးသတ်စက်များ အဆင်သင့် စီမံဆောင်ရွက်ထားရှိ စေရေး၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ စနစ်တကျရှိစေရေးနှင့် ဈေးသူဈေးသားများမှ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန် အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး မီးသတ်ဆေးဘူး  အသုံးပြုပုံအား ရှင်းလင်းပြသ၍ ရေစိုဝတ်ဖြင့် မီးငြှိမ်း သတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေဖြင့်မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

အဆိုပါ လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်စိုးရှိန်၊ မြို့နယ် စည်ပင်သာယာအမှုဆောင်အရာရှိ ဦးဝင်းစန်းနှင့် ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင် ကော်မတီဝင်များ တက်ရောက်၍ လက်တွေ့ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်