မိုးညို ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူလူထုအား မီးဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မီးသတိမူရေး လိုက်လံကြေညာပေးခြင်း၊ မီးဘေးအန္တရာယ် စိုးရိမ်ရသော လုပ်ငန်းများကို စဉ်ဆက်မပြတ် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက မိုးညိုမြို့နယ် စည်ပင်သာယာစျေးတွင် လက်တွေ့မီးငြိမ်းသတ်ရေးဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးညွန့်ဝေသန်းနှင့် တပ်ဖွဲ့ဝင်များ၊ စျေးမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် မီးငြိမ်းသတ်နည်းများကို ပြသပြီး ပြည်သူများကိုယ်တိုင် လက်တွေ့မီးငြိမ်းသတ်စေခြင်း ပြုလုပ်ခဲ့သည်၊ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်စက်ယာဉ် ၂ စီးတို့ဖြင့် မီးငြိမ်းသတ်ပုံ အဆင့်ဆင့်ကို လက်တွေ့မီးငြိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခဲ့ကြသည်။
အဆိုပါ လက်တွေ့ မီးငြိမ်းသတ်ရေး သရုပ်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ် ဦးစီးဌာနနှင့် စျေးသူစျေးသားများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)