လေးမျက်နှာ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံး သင်တန်းခန်းမတွင် စတင်ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည် (ဒုတိယညွှန်ကြားရေးမှူး)မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကဏ္ဍနှစ်ရပ်ကို မိမိတို့ဌာနအနေဖြင့် တာဝန်ယူတည်ဆောက်လျက်ရှိပြီး အဓိကအားဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေးကို ဦးတည်ဆောင် ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကိုလျှော့ကျစေရန် အလုပ်အကိုင်အခွင့်အလမ်းများပေါများစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ယခု ဖွင့်လှစ်မည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းကိုလည်း ပြီးမြောက်အောင် သင်ယူစေလိုကြောင်းနှင့် သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဖြင့် အောင်မြင် အောင် ဆက်လက်ဆောင်ရွက်စေလိုကြောင်း၊ တက်ရောက်လာကြသော သင်တန်းသားများနှင့် သင်တန်းဆရာအား ကျေးဇူးတင် ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ဦးနှင့် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးကျော်သူတို့မှ သင်တန်းသို့ တက်ရောက်လာသော သင်တန်းသားများအနေဖြင့် တတ်မြောက်အောင် ကြိုးစားသင်ယူစေလိုကြောင်း၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက သင်တန်းဆင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပေးမှာဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းဆရာဦးထက်နိုင်မှ သင်တန်းသား(၂၀)ဦးအား အင်ဂျင်အစိတ် အပိုင်းပြုပြင်နည်းများ၊ ဆိုင်ကယ်တစ်စီးလုံး ပြုပြင်တပ်ဆင်နည်းများကို သင်ကြားပြသပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ ၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာမြင့်မည်ဖြစ်ကာ သင်တန်းချိန်ကို နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ သတ်မှတ်ထား ကြောင်းသိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခါအားလျှော်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)