မင်းလှမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး

အထက်မင်းလှ ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင် များတွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက် ၈ နာရီခွဲက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မီးဘေးလုံခြုံရေးအတွက် စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ရာ၌ သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ ထားရှိခြင်း ရှိ/မရှိ၊  မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများအား   သတ်မှတ် စံချိန်စံညွှန်းများ အတိုင်းထားရှိခြင်း ရှိ/မရှိ၊ ဆီဘောက်ဆာ ကားများမှ ဆီလှယ်စဉ်အတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ/မရှိ၊ စက်သုံးဆီ ရောင်းချရာတွင် သတ်မှတ်လိုင်စင် ရှိ/မရှိ၊ ဆီရောင်းချရာတွင် အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး   ဆိုင်ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်ရှောင်ရန်များကို     အသိပညာပေး ဟောပြော ဆွေးနွေးခဲ့သည်။

အဆိုပါ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)