ပဲခူးမြို့ ကုန်စိမ်းသားငါးပျံကျဈေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး ဒီဇင်ဘာ ၈

ပဲခူးမြို့၊ ညောင်ဝိုင်းမြောက်ပိုင်းရပ်ကွက် ကုန်စိမ်းသားငါးပျံကျဈေးရုံနေရာတွင် ယမန်နေ့ နံနက်ပိုင်းက ကုန်စိမ်းသားငါးပျံကျဈေးရုံဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/ သားများတက်ရောက်ကြပြီး ကုန်စိမ်းသားငါးပျံကျဈေးရုံအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးဆွေနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် MJT Co,Ltd မှ ကုန်စိမ်းသားငါးပျံကျဈေးရုံအတွင်း အသုံးပြုနိုင်ရန်အတွက် အမှိုက်ပုံး (၇၀)ပုံးအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းပြီး ကုန်စိမ်းသားငါးပျံကျဈေးရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါ ကုန်စိမ်းသားငါးပျံကျဈေးရုံအား ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ပဲခူးမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေကျပ် (၂၆၄.၁၅၀)သန်းဖြင့် Steel Structure အမျိုးအစား (၁၀၀'×၂၅')ရှိ ပျံကျဈေးရုံ(၆)ရုံ၊ (၅၀'×၂၅')ရှိ ပျံကျဈေးရုံ(၂)ရုံ စုစုပေါင်းဈေးရုံ (၈)ရုံ တည်ဆောက်ခဲ့ပြီး ဈေးရုံများအတွင်း၌ (၇'.၆"×၅')ရှိ ဈေးဆိုင်ခန်း(၃၄၈)ခန်း၊ (၅'×၅')ရှိ ဈေးဆိုင်ခန်း(၃၂)ခန်း ပေါင်း(၄၁၆)ခန်း ပါဝင်ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်