ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၏ (တတိယအကြိမ်) အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ဘားအံ ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၏ (တတိယအကြိမ်) အသံမစဲ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက အဆိုပါ ဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်း၌ ဆင်ယင်ကျင်းပသည်။

အခမ်းအနားသို့ မဟာဂန္တဝါစကပဏ္ဍိတ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်း ဆရာတော် ဘဒ္ဒန္တဥတ္တရ အမှူးပြုသည့် ဆရာတော်ကြီးများအပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော် မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးနှင့်တက်ရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့က  မဟာဂန္တဝါစကပဏ္ဍိတ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်း ဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ ငါးပါးသီလ ခံယူ‌ဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ် များ ရွတ်ဖတ်သရဇ္စျယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် ကြွရောက်ချီးမြှင့်တော်မူကြ သည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းအတွက် ဘုရားပင့်ခြင်း၊ ပဋ္ဌာန်အမွန်းဂါထာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ သမ္မာဒေဝနတ်များအား ပင့်ဖတ်ခြင်းတို့ကို ဆောင်ရွက်တော်မူကြပြီး အလှည့်ကျသံဃာတော် တစ်ပါးမှ မဟာပဋ္ဌာန်းကျမ်းတော်မြတ်ကြီးအား စတင်ရွတ်ဖတ်ပူ ဇော်သည်။

ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၏ (တတိယအကြိမ်)အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ အလှည့်ကျသံဃာတော်များက ၅ ရက်တိုင်တိုင် အသံမစဲ ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)