အထက်မင်းလှ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရွာတော်ကျေးရွာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြား လာနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက် ကာကွယ် တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ ထွက်ခွါသွားခြင်း မပြုရန်၊ မဖြစ်မနေ ထွက်ခွါသွားလာရပါက နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာခပ်ခွါခွါ နေထိုင်ကြရန်စသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
ထို့အပြင် မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ် ဆေးထိုးစုရပ်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသသည့် အသက် ၁၈ နှစ်အထက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သွားရောက် ထိုးနှံကြရန်နှင့်အကြိမ်ရေပြည့် ထိုးနှံကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)