ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ ပြည်သူများအား မဲပေးပိုင်ခွင့်မဆုံးရှံးစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ပခုက္ကူ ဩဂုတ်၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ ပူးပေါင်း၍  ဆန္ဒမဲပေးပိုင် ခွင့် မဆုံးရှုံးစေရေး အတွက် သစ္စာစီမံချက်ဖြင့် ပခုက္ကူမြို့၊ အမှတ်(၁၄) ရပ်ကွက်အတွင်းရှိ ပြည်သူဦးရေ ၁၀၀ ဦးအား  ဩဂုတ် ၂၀ ရက်မှ စတင်ပြီး  နိုင်ငံသားစိစစ်ရေးကတ်နှင့် မဲဆန္ဒရှင် စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ပါရှိနိုင်ရန် အတွက် ကွင်းဆင်းစိစစ်မှုများ ဆောင် ရွက် ပေးကြသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် ပါရှိ နိုင်ရေးကွင်းဆင်းဆောင်ရွက်သည့်လုပ်ငန်းများကို  ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်အံ့မောင်၊ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း စိစစ် ကြသည်။

ပခုက္ကူမြို့နယ်၊ရပ်ကွက်/ကျေးရွာများအတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း  ၂၀၂၀ ပြည့် နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများတွင်ပါရှိရေး၊ နိုင်ငံသားတစ်ဦး၏ မဲပေးပိုင်ခွင့် မဆုံးရှံးစေရေးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  သစ္စာစီမံ ချက်ဖြင့် မှစတင်ပြီး ကွင်းဆင်း ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ အမှတ်(၁၄) ရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် လာရောက်လျှောက်ထားသူ ၂၃၀ ဦးရှိရာ ၁၀၀ ဦး အတွက် ပြုလုပ်ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ပြည်သူများ အတွက်လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကီးလိန်းဖေ(ပြန်/ဆက်)