ကြံခင်း ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ရေနံတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ ဒုတိယ (လဝက)မှုး ဦးကျော်ဇင်ခိုင်နှင့် ဝန်ထမ်းများက ရေနံတောင်ကျေးရွာ အုပ်စုရှိ ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၅ ) ခုနှင့် အိမ်ထောင်စု လူဦးရေ စာရင်း ( ၄၁) ခုတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း (၃၃)အုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၇၀၃)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၈၉၆)ခုကို ဆောင်ရွက် ပေးပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာအုပ်စုများကိုလည်း စီမံချက်ကာလအတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူထံမှ သိရသည်။
မိုးမိုး (ပြန်/ဆက်)