ငရုတ်ကောင်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်

ငရုတ်ကောင်း    ဒီဇင်ဘာ    ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့ပေါ်ရပ်ကွက်တို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ပူးပေါင်း၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် (omicron)သည် ယခင်မျိုးကွဲဗိုင်းရပ်စ်များထက် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုအများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ် (omicron)အား ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပြန့်နှံ့လျက်ရှိကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းဖြင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ အရာဝတ္တုတစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်သွား လာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေး ဆေးထိုးအုပ်စုများသို့ သွားရောက် ပြီးမဖြစ်မနေ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်ချက်များကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာ ကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ရပ်ကွက်များတွင်းသို့ လှည့်လည်ကာ အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ငရုတ်ကောင်း (ပြန်/ဆက်)