မင်းဘူး၌ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်(၁၈)အထက် ပြည်သူများနှင့် ပထမအကြိမ်ဆေးထိုးနှံပြီးသူများ ဒုတိယအကြိမ် လာရောက် ထိုးနှံကြရန်နှိုးဆော်

မင်းဘူး ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါများ လျော့ကျစေရန်နှင့်   နောက်ထပ် ကူးစက်ဖြစ်ပွား လာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ် ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူး(စကု) မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှည့်လည် နှိုးဆော်ခဲ့ကြသည်။

ထိုကဲ့သို့ နှိုးဆော်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းများက မင်းဘူး(စကု) မြို့နယ်အတွင်းရှိ စကုမြို့အပြင် ဦးယျာဉ်ဇင့်၊ ရေပုတ်၊ ဇရပ်ကြီး၊ ထောက်ရှာပင်၊ ဖလံရုံ၊ နန်တော်ကုန်း၊ ထိန်တော၊ ပိုက်သင်၊ ရွာသာယာစသော ကျေးရွာများသို့ အသိပေး နှိုးဆော်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုလက်ရှိ Phase-3 ဒုတိယအကြိမ် ဆေးထိုးပြီးသည်အထိ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၆၀၀၀၀ ကျော်နှင့် ကျောင်းသား/ကျောင်းသူ ထိုးနှံပြီးသူ ပေါင်း ၆၇၅၀ ခန့် ထိုးပြီးသွားပြီ ဖြစ်သော်လည်း Phase-3 ဒုတိယအကြိမ်နှင့် Phase-4 ပထမအကြိမ် မထိုးရသေးသူများ လာရောက်ထိုးနှံကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)