သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

သရက်ချောင်း သြဂုတ် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ ဒေါက်တာဖေမြင့် ရေးသားသည့် “တန်ဖိုးထားအပ်သောအရာများ” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော စာတတ်သူတိုင်းစာဖတ်ရှုရေး၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်ခြင်း၊ တစ်ဦးတစ်ယောက်ချင်းစီသော်လည်းကောင်း၊ အုပ်စုအလိုက်သော်လည်းကောင်း အပြန်အလှန်ဆွေးနွေးတတ်သည့် အကျင့်နှင့်စာကောင်းပေကောင်းများကို ရှာဖွေဖတ်ရှုတတ်သည့်အလေ့အထကောင်းများရရှိလာစေရန်အတွက် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးဇော်လင်းထက်က တန်ဖိုးထားအပ်သောအရာများ စာအုပ်ထဲမှ “သူတစ်ပါးကိုပဲ လက်ညှိုးထိုးချင်သူ” အခန်းပါ ပြဿနာကို ရှောင်တိမ်းနေခြင်းသည် ကိုယ့်ကိုကိုယ် မကယ်ဆယ်ခြင်း ဖြစ်ကြောင်း၊မိမိ အကျိုးစီးပွားကို မျက်ကွယ်ပြုခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသူများမှ ပြန်လည်သုံးသပ် ဆွေးနွေးပေးခဲ့ကြသည်။

ထိုနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာပေဝါသနာရှင် တို့က “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ထဲမှ အကြောင်းအရာများကို ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်းက ယနေ့ပြုလုပ်သည့် စာဖတ်ဝိုင်းတွင် စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက် ဆွေးနွေး ပေးသည့်အတွက် အားလုံးကို အထူးကျေးဇူးတင်ရှိပါ ကြောင်းနှင့် နောင်လာမည့်လများမှာလည်း ယခုလိုမျိုးစာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်သွားဖို့ရှိကြောင်းကိုလည်း ​ပြောကြားခဲကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)