သရက်ချောင်း ဒီဇင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ မွေးကင်း စမှ တစ်နှစ်ခွဲအထိအရွယ် ကလေးသူငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်ကစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေဦးစီးဌာနတွင် ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သူနာပြု ဆရာမကြီး ဒေါ်သဥ္ဇာသိန်း၀င်းဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကလေးသူငယ်များအား ပေါင်ချိန်ခြင်း၊ ကိုယ်ပူချိန်တိုင်းပေးခြင်း၊ မွေးကင်းစမှ အသက်တစ်နှစ် အထိ ကလေးသူငယ်များကို ဆိုဆို့၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါစသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို သတ်မှတ်အကြိမ် အတိုင်း ထိုးနှံပေးခြင်း၊ ပိလီယိုအစက်ချ ဆေးတိုက်ကျွေးခြင်း၊ ကိုယ်၀န်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အေးနွယ်၀င်း