မြိတ်မြို့တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပါရှိမှသာ ခရီးစဉ်လက်မှတ် ရောင်းချပြီး လိုက်ပါစီးနင်းခွင့်ပြုမည်

မြိတ်   ဒီဇင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ အခြေပြုပြေးဆွဲနေသည့် လေကြောင်းလိုင်းနှင့် မော်တော်ယာဉ် လိုင်းများတွင် လိုက်ပါသွားလာကြမည့် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပါရှိ သူများကိုသာ ခရီးစဉ်လက်မှတ်ရောင်းချ၍ ခရီးသည်ပို့ဆောင်ပေးကြရန် သက်ဆိုင်ရာမှ ညွှန်ကြားထား ကြောင်း သိရသည်။

ခရီးသွားပြည်သူများ ခရီးသွားလာရာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပါရှိမှ လက်မှတ်ရောင်းချ၍ ခရီးစဉ် ပို့ဆောင်ရေးနှင့် ပတ်သက်၍ ယနေ့နေ့လယ်ပိုင်းက မြိတ်မြို့ အဝေးပြေးကားဝင်း ခရီးသည်နားနေ ဆောင်တွင် မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းများအား ရှင်းလင်းပြောကြားခဲ့သည်။

 “ မြိတ်မြို့အနေနဲ့ ခရီးသွားလာတဲ့အခါ လေယာဉ်၊ မော်တော်ယာဉ်တွေနဲ့ ခရီးသွားတာရှိတယ်။ ခရီးသွားလက်မှတ်ဝယ်တဲ့အခါ အသက်(၁၈)နှစ်ပြည့်ပြီးသူတွေ မှတ်ပုံတင်ပြရမယ်။ (၁၈)နှစ် မပြည့်သေးတဲ့သူတွေကို မိဘအုပ်ထိန်းသူမှ မိသားစုဝင်ဖြစ်ကြောင်း အိမ်ထောင်စုစာရင်းပါရမယ်။ ဒါမှ လက်မှတ်တွေ ရောင်းချပေးမှာဖြစ်တယ်။ ဒီတစ်ပတ်က ပညာပေးကာလအဖြစ် အသိပေးဆောင်ရွက်ကြ ဖို့နဲ့ လာမယ့်ဒီဇင်ဘာ(၁၃)ရက်နေ့မှစပြီး ဒီအတိုင်းလက်မှတ်ရောင်းချ စီးနင်းခွင့်ပြုဖို့ ညွှန်ကြားထားပါ တယ် ” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောသည်။

ခရီးသည်ပို့ဆောင်ရေး လေကြောင်းလိုင်းနှင့် မော်တော်ယာဉ်အသင်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် ကတ်တစ်မျိုးမျိုး (နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသား လက်မှတ်နှင့်စိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့် ရသူလက်မှတ်နှင့် စိစစ်ရေးကတ်ပြား၊ အမျိုးသား သက်သေခံကတ်ပြား) ပါရှိမှသာ လက်မှတ်များရောင်းချစေပြီး လိုက်ပါစီးနင်းခွင့်ပြုရေးကို စနစ်တကျကြပ်မတ်ဆောင်ရွက်ကြ ရန် လမ်းညွှန်ထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ပြည်သူများအား နိုင်ငံတော်မှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် လူဦးရေစာရင်းများကို ရပ်ကွက်/ ကျေးရွာများအထိ ကွင်းဆင်း၍ အသက်(၁၈)နှစ်ပြည့်ပြီးသူ နိုင်ငံသားများကို ကိုင်ဆောင်ခွင့်ရှိသည့် ကတ်ပြား တစ်မျိုးမျိုးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူးရုံးမှ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်သည့် အဖွဲ့(၂)ဖွဲ့နှင့် ရုံးထိုင်အဖွဲ့(၁)ဖွဲ့ဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မဆောင်ရွက် သေးသူများအား  သက်ဆိုင်ရာ စာရွက်စာတမ်းများပြည့်စုံပါက မြို့နယ် လဝကရုံး၌ အမြန်ဆုံးပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )