ပူတာအို ဩဂုတ် ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အဆင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးလွင်က ရွေးချယ်ခံရသော လူရည်ချွန် လူငယ်မောင်မယ်များအား နှစ်စဉ်နိုင်ငံတော်၏အစီအစဉ်ဖြင့် အပန်းဖြေခရီးစဉ်များ ပို့ဆောင်ပေးလျက်ရှိရာ ယခုနှစ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင် ရွက်နေချိန်ဖြစ်ခြင်းကြောင့် အပန်းဖြေခရီးစဉ် မပို့ဆောင်နိုင်ခဲ့ကြောင်းနှင့် ယခုလူရည်ချွန်ရွေးချယ်ခံရသော သားငယ် သမီးငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်တွင် တာ၀န်ထမ်းဆောင်မည့်သူများ ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးခဲမိုင်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ဂုဏ်ပြုစကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ပညာရေးမှူးနှင့် တာ၀န်ရှိသူများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ခရိုင်အဆင့်တွင် လူရည်ချွန် အဖြစ် ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ်များအား ရင်ထိုးတံဆိပ် ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီး မြှင့်ခဲ့ကြပြီး (၁၉၇၆) ခုနှစ်လူရည်ချွန် ကျောင်းသားဟောင်း ဦးဒိန်ခန်ဒါဝိ က ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ်များအတွက် (၁၉၆၄-၁၉၈၈) လူရည်ချွန်ကျောင်းသား ဟောင်းများမှ ပေးပို့လာသည့် မဂ္ဂဇင်းစာအုပ်များကို လူရည်ချွန်ကျောင်းသား ဟောင်းများ ကိုယ်စား လက်ဆောင်ပေးအပ်သည်။
ထို့နောက် ခရိုင်ပညာရေးမှူး ဦးခဲမိုင်းက လူရည်ချွန်မောင်မယ်များအတွက် ကချင်ပြည်နယ်ပညာရေးမှူးရုံး ပြည်နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သန်းနွဲ့မှပေးပို့သည့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီး များက မိမိကျောင်းမှ ရွေးချယ်ခံရသော လူရည်ချွန် မောင်မယ်များ အားဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
အဆိုပါခရိုင်အဆင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်အဖြစ် အဋ္ဌမတန်းမှ ကျောင်းသူ ကျောင်းသား (၂)ဦး၊ န၀မတန်းမှ ကျောင်းသူ ကျောင်းသား (၂)ဦး၊ ဒသမတန်းမှ ကျောင်းသူ ကျောင်းသား (၂)ဦး စုစုပေါင်း ကျောင်းသူ ကျောင်းသား (၆) ဦး ရွေးချယ်ခံရပြီး ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ်များတွင် အ.ထ.က (ပူတာအို) ကျောင်းမှ (၃) ဦး၊ အ.ထ.က (ဒုတ္ထန်) ကျောင်းမှ (၂) ဦး၊ အ.ထ.က (နောင်မွန်) ကျောင်း မှ (၁) ဦး ပါ၀င်ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)