ဝန်းသိုမြို့နယ်တွင် (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၇၀၀ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ

ဝန်းသို ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ၂၀၂၁-၂၀၂၂ ခု(၆)လ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ဖြင့် ကျေးရွာ ၇ ရွာမှ ကျေးရွာ ကော်မတီများအား  စီမံကိန်းရန်ပုံငွေကျပ်သိန်း ၇၀၀ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုးနှင့် ဝန်းသိုမြို့နယ် ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မျိုးသူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြပြီး စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၇ ရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ရန်ပုံငွေကျပ်သိန်း ၁၀၀ စီနှင့် စီမံကိန်း လက်စွဲစာစောင်၊ စာအုပ်တို့ကို အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။

ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ စီဖြင့် ဝန်းသိုမြို့နယ် တုံးကြိတ် ကျေးရွာနှင့် ချမ်းမြသီတာကျေးရွာတို့တွင် လမ်းအရှည်ပေ(၅၀၀)ရှိ ရွာတွင်းလမ်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း၊ ပန်းညိုကျေးရွာနှင့် သင်တောကျေးရွာတို့တွင် လမ်းအရှည်ပေ (၃၀၀၀)ရှိ ရွာတွင်းလမ်း ဂျင်းမြေ/သဲကျောက်/ ကျောက်ရောမြေခင်းခြင်း လုပ်ငန်း၊ ဆပ်သွားကျင်းကျေးရွာတွင် မြေသားလမ်းချဲ့ခြင်းလုပ်ငန်း၊ ဂွေးကုန်း ကျေးရွာတွင် ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းနှင့် အောင်ဇာနည်ကုန်းကျေးရွာတွင် ရေရရှိရေ (စက်ရေတွင်းတူးဖော်ခြင်း) လုပ်ငန်းတို့ကို စုစုပေါင်းရန်ပုံငွေကျပ်သိန်း (၇၀၀)နှင့် ကျေးရွာပြည်သူ ပူးပေါင်း ထည့်ဝင်ငွေကျပ် (၂၅.၆) သိန်းတို့ဖြင့် ကျေးရွာပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၁၂၀)တို့တွင် လမ်း၊ တံတား၊ ရေရရှိရေးစသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခု (၆)လဘတ်ဂျက်တွင် ကျေးရွာပေါင်း ၇ ရွာတို့၌ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)