ကျိုက်ဒုံ ဒီဇင်ဘာ ၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဟောင်သရောခန်းမ၌ ယနေ့ နံနက် ၉နာရီက ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ တာဝန်ရှိသူများမှ ဒုတိယအသုတ်၊ ပထမအကြိမ် အသက်(၁၂)နှစ်နှင့် အထက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် (အ.ထ.က)ကျိုက်ဒုံ၊ နော်တမံကျေးရွာ(အ.ထ.က)ခွဲ၊ အဇင်း ကျေးရွာ(အ.ထ.က)ခွဲ၊ မိတန်ကျေးရွာ(အ.လ.က)၊ မိနန်းအပ်ကျေးရွာ(အ.လ.က)ကျောင်းများမှ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ စုစုပေါင်း(၂၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ထိုနောက် ကာကွယ်ဆေးထိုးရန် လာရောက်သည့် ကျောင်းသားကျောင်းသူများအား မြို့အုပ်ချုပ် ရေးမှူး နှင့်စာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ဆရာ ဆရာမများ၊ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများမှ သွေးပေါင်ချိန်ပေးခြင်း၊ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)