ပြည် ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ သီရိခေတ္တရာရတနာ မြို့တော်ခန်းမ ဆေးထိုးစုရပ်၌ မြို့နယ် အတွင်း ယခုနှစ် နိုဝင်ဘာဒုတိယပတ်က ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးခဲ့သော ပြည်သူများအား ယနေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ယနေ့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပုဂ္ဂလိကဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ သာသနာ့ ဝန်ထမ်းများ (သံဃာတော်/သီလရှင်)၊ Volunteer စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး/ဘဏ်/ စက်ရုံအလုပ်ရုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ထမ်းများ စသည့်အုပ်စုများ မှ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပြီးခဲ့သော ပြည်သူစုစုပေါင်း(၈၇၅)ဦးအား နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ၍ ထိုးနှံပေး ခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
ပြည်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးမှုဖြင့် ရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဦးတည်အုပ်စု အလိုက် ဆေးထိုးစုရပ်နေရာအသီးသီး၌ ဆက်လက် ထိုးနှံပေးသွားမှာဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေး ဝန်ထမ်းများနှင့် အတူ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)