နတ်မောက် ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့ပေါ်ရှိ လူစည်ကားသည့် နေရာများသို့ အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတက်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန် သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များလက်မခံပါရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်သွားရပါက ပါးစပ်နှာခေါင်းစည်း (Mask)ကို စနစ်တကျတက်ဆင်ရန်၊ အခြားသူ များနှင့် အနည်းဆုံး(၆)ပေကွာမှ ခပ်ခွာခွာနေရန်၊ နှာခေါင်းစည်း (Mask) မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းမှရှောင်ရန်၊ လူစုလူဝေးရှိသည့် နေရာများသို့ သွားလာခြင်းမှ ရှောင်ရန်၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းများ မပြုလုပ်ကြရန် မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီ လိုက်နာကြပြီး တိုက်တွန်းနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask) အသုံးပြုရာတွင် လိုက်နာရမည့် အချက်များအား အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှဝင်း