ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပခုက္ကူ  ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားမှု ရှိ/မရှိ အခြေအနေများကို ယနေ့နံနက် ၈ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ထိုသို့စစ်ဆေးရာတွင် ပခုက္ကူမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ ဦးဆောင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးမှူး ဒေါ်တင်တင်ရီနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ လိုက်ပါကြပြီး မြို့နယ်အတွင်းရှိ ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု များအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်၍ သက်ဆိုင်ရာကျောင်း အုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ပညာရေးဝန်ထမ်များနှင့် ကျောင်းသား မိဘများနှင့်တွေ့ဆုံကာ ကျောင်းများ ဖွင့်လှစ်သင်ကြားရာတွင် အဆင်ပြေချောမွေ့စေရေး၊ လုံခြုံမှုရှိစေရေး တို့အတွက် သက်ဆိုင်ရာဌာနများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

ပခုက္ကူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်း(၄၁)ကျောင်း၊ အလယ်တန်း (၇၇)ကျောင်း၊ မူလတန်း(၁၀၅)ကျောင်း၊ စုစုပေါင်း(၂၂၃)ကျောင်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ အထက်တန်း (၂၅၇၃)ဦး၊ အလယ်တန်း (၄၆၆၃)ဦး၊ မူလတန်း(၆၉၁၉)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၄၁၅၅)ဦး တက်ရောက် ပညာသင်ယူကြကြောင်း သိရသည်။

ဘာမီသာ(မဟာဝိဇ္ဇာ)