ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လွယ်ကူအောင်မြင်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပခုက္ကူမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (B.1.1.529)နှင့် ပတ်သက်၍ ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကင်းဝေးရေးအတွက် ကာကွယ်ကုသခြင်း လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရေး၊  ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ သတ်မှတ်ဦးရေအတိုင်း ပြည့်မီအောင်ဆောင်ရွက်ရေး၊ ပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာ သွားလာလှုပ်ရှားမှုတိုင်းတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign လှုပ်ရှားမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြို့နယ်အတွင်း အခြေခံပညာ ကျောင်းများ၊ စားသုံးကုန်နှင့် လူသုံးကုန်အရောင်းဆိုင်များ၊ မြို့မဈေးနှင့်ယာယီပျံကျ ဈေးများ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များအား ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိခြင်း၊ သွားလာ လှုပ်ရှားခြင်းများ ဆောင်ရွက်ရန်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပခုက္ကူမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူက ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နယ်မြေကျော် လွန်သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေမှုများ၊ နယ်မြေတည်ငြိမ် အေးချမ်းလုံခြုံရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်၊ ဌာနဆိုင်ရာများက ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)