မကွေး ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုမြင့်က အဖွင်အမှာစကား ပြောကြားရာတွင် ကျား/မ ဖြစ်ခြင်းကို အခြေခံပြီး ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများအား လူ့အခွင့်အရေးကို ချိုးဖောက်သော ကိစ္စရပ်များအတွက် ဒေသန္တရအဆင့်၊ နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့်များအလိုက် အသိအမြင် တိုးလာစေရန်၊ အမျိုးသမီးများအား အကြမ်းဖက်မှု လျှော့ချရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နိုင်စေရန်၊ နိုင်ငံတကာမှ ဆောင်ရွက်နေသည့် အမျိုးသမီးအကြမ်းဖက်မှု တားဆီးကာကွယ်ရေး လုပ်ငန်းများ ပိုမိုရှင်းလင်းမြင်သာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာတွင် ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုဆောင်ပုဒ် အနေဖြင့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့” ဖြစ်ကြောင်း၊ အမျိုးသမီးများအား အကာအကွယ်ပေးရေး၊ စွမ်းဆောင်ရည် မြှင့်တင်ပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အမျိုးသမီးများသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးခြင်း၊ အကြမ်းဖက်မှုမှ ကာကွယ်ပေးခြင်းသည် နိုင်ငံသားများအားလုံးကို ကာကွယ်ပေးရာရောက် သဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ အတွင်းရေးမှူး ဒေါ်ခင်ခင်မြင့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အမျိူးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဗီဒီယိုအား ပြသကာ Zumba အကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)