ပွင့်ဖြူ ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကလေးငယ်များ အတွက်ပျော်ရွှင်စရာ အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်း ပြိုင်ပွဲများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအား ကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရန်၊ ပူးပေါင်းပါဝင် ဆောင်ရွက်သည့် အလေ့အထရရှိစေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် ပြည်သူ့ စာကြည့်တိုက်အား အများပြည်သူ ဝင်ထွက် သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာ တစ်ခုအဖြစ်သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင် ပလပ်စတစ်ခွက် မှောက်ပြိုင်ပွဲ၊ ဂေါ်လီဇွန်းကိုက်ပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ နှစ်ယောက်တစ်တွဲ ချည်ပူးပြေးပြိုင်ပွဲနှင့် ကုလားထိုင်လု ပြိုင်ပွဲများတွင် ကလေးငယ်(၃၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)