မြင်းမူ ဒီဇင်ဘာလ ၇
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပေါ်ရှိပွဲရုံအသီးသီးတွင် လက်ရှိအချိန်တွင် မိုးနှောင်းနှမ်းလာရောက် ရောင်းချသည့် တောင်သူအများအပြားရှိနေကြောင်းသိရှိရသည်။
ယခုလာရောက်ရောင်းချလျက်ရှိသည့် နှမ်းများကို တော်သီလင်းလတွင်စိုက်ပျိုးကြကြောင်း နတ်တော်လ တွင်စတင်ရိတ်သိမ်းရောင်းချရကြောင်း၊ နှမ်း(၁)ဧကစိုက်ပျိုးရန်အတွက် နှမ်းမျိုး(၈) ပြီမှ(၁၀)ပြီ ၊ ထွန်ရှင်းခ၊ လုပ်အားခ၊ ဆေးဝါးခမှအစ ကုန်ကျငွေခန့်မှန်း(၂၅၀၀၀၀)ကျော်ကုန်ကျ ကြောင်းနှင့် ဈေးပိုမိုရရှိသည့် နှမ်းအနက် ကိုအများအပြားစိုက်ပျိုးကြကြောင်းနှင့်(၁)ဧကအထွက်နှုန်း အနေဖြင့် မြေအမျိုးအစားပေါ်မူတည်၍ (၁၅) တင်းမှ(၂၀) တင်းထိထွက်ရှိကြောင်း၊ နှမ်းအမျိုးအစား ပေါ်မူတည်၍ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ် (၅၀၀၀၀) ကျော်နှင့် နှမ်းနက်(၁)တင်း ငွေကျပ်(၆၀၀၀၀) ကျော်ထိပွဲရုံများကဝယ်ယူလျက်ရှိကြောင်း၊ ထိန်ကန်ကျေးရွာမှ ဦးဇင်ကိုထံမှသိရှိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံမျိုးစုံကိုစိုက်ပျိုး လျက်ရှိရာ မိုးနှောင်းနှမ်း (၃၆၁၀၀)ဧက စိုက်ပျိုးရန်လျှာထားခဲ့သော်လည်း (၃၇၄၁၁)ဧကစိုက်ပျိုးနိုင် ခဲ့သောကြောင့် စိုက်ဧက(၁၃၁၁)ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)