ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ဆုရစာရေးဆရာများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ပဲခူး   ဒီဇင်ဘာ ၇

‌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ယနေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် ပဲခူးမြို့နယ် စာရေးဆရာအသင်းက စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ဆုရစာရေးဆရာများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမ ဝတ်ရည်ခင် (ပဲခူး)က အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး စာရေးဆရာ လင်းအရုဏ်ဦး (ပဲခူး)က စာရေးဆရာကြီးများအား ကန်တော့ရခြင်း ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအား လည်းကောင်း၊ ကော်မတီအဖွဲ့ဝင် စာရေးဆရာ ထွန်းသီဇော်(ပဲခူး)က စာရေးဆရာကြီးများနှင့် ဆုရ စာရေးဆရာများအား ဂုဏ်ပြုပွဲကျင်းပရ၍ ဝမ်းမြောက်ဂုဏ်ယူကြောင်းတို့ကိုလည်းကောင်း ပြောကြားခဲ့သည်။

ထို့နောက် ဘဏ္ဍာရေးမှူး စာရေးဆရာမ မေတ္တာမိုးနှင်း(ပဲခူး)က စာရင်းရှင်းတမ်းများ ဖတ်ကြားပြီး ကန်တော့ခံဆရာကြီး(၁၁)ဦးတို့အား ဂါရဝပြုကန်တော့ကြကာ ကန်တော့ခံဆရာကြီး (၂)ဦး၏ ဆုပေးဩဝါဒ အမှာစကားများအား ခံယူကြသည်။ ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကလေးစာပေ ပထမဆုရ စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)နှင့် စာပေ ပဒေသာ တတိယဆုရ စာရေးဆရာမ နန္ဒာခင်(သက္ကလမြေ)တို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)