မကွေး ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ခရိုင်အား ကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များမှ ကျောင်းသား/သူများ အချင်းချင်းတွေ့ဆုံ၍ ရင်းနှီးချစ်ကြည်စွာ ယှဉ်ပြိုင်ကစားကာ စည်းလုံးညီညွတ်မှု ပိုမိုတိုးတက်ခိုင်မာလာပြီး တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်သည့် ပြေးခုန်ပစ် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ “အားကစားနှင့်ကင်းကွာသည့် နေ့ရက်မရှိစေရ” ဆိုသည့် အားကစားဆိုင်ရာ ဆောင်ပုဒ်နှင့်အညီ အာကစားသမားများအနေဖြင့် အာကစားကို မိမိကျန်းမာရေး အတွက်သာမက ကျွမ်းကျင်ယုံကြည်မှုရှိလာစေရေးအတွက်ပါ စဉ်ဆက်မပြတ် လေ့ကျင့်သွားရမည်ဖြစ်ကာ အားကစားသမားများ တွင် မရှိမဖြစ်လိုအပ်သည့် စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဆိုသည့် အချက်(၅)ချက်နှင့်ပြည်စုံအောင် လေ့ကျင့်ပျိုးထောင်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီးအနေဖြင့် ပြေးခုန်ပစ်အာကစားနည်းတွင် ဆုတံဆိပ်များစွာ ရယူဆွတ်ခူးနိုင်ခဲ့ပြီး ပြေးခုန်ပစ် အားကစားနည်းတွင် အစဉ်အလာကြီးမာသော တိုင်းဒေသကြီး တစ်ခုဖြစ်သည်နှင့်အညီ အောင်မြင်မူ အစဉ်အလာများကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်သော အားကစားသမားများ ဖြစ်အောင် ကြိုးစား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစား သစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီးနောက် ပြိုင်ပွဲ ပထမရက်အဖြစ် မီတာ(၁၀၀) အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်၊ မီတာ(၈၀၀) အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်၊ မီတာ(၄၀၀) အမျိုးသား/ အမျိုးသမီး လက်ဆင့်ကမ်း ပြိုင်ပွဲတို့ကို စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို ဒီဇင်ဘာလ(၇)ရက်နေ့မှ ဒီဇင်ဘာလ(၉)ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)