ပေါင်းတည် ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက သပြေကြီးစုအုပ်စု၊ လက်ပန်ကိုင်းကျေးရွာ အမကကျောင်း၌ နိုင်ငံသား စိစစ်ရေးကတ်ပြား(၃၆)ကတ်နှင့် အိမ်ထောင်စုစာရင်း(၁၀)ခုပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း တက်ရောက် လာသူများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးတို့က နိုင်ငံသားကတ်(၃၆)ကတ်နှင့် အိမ်ထောင်စုစာရင်း(၁၀)ခုအား ကျေးရွာပြည်သူများထံ အရောက်ပေးအပ်ခဲ့သည်။
အလားတူ ကုက္ကိုပင်အုပ်စု၊ ကုက္ကိုပင် ဘုန်းတော်ကြီးကျောင်း၌လည်း နိုင်ငံသား စိစစ်ရေးကတ်ပြား(၄၅)ကတ်နှင့် အိမ်ထောင်စုစာရင်း(၁၂)ခုအား ကျေးရွာပြည်သူများထံအရောက် ပေးအပ်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးမောင်မောင်လွင်ထံမှသိရသည်။
အေးအေးဆင့်(ပြန်/ဆက်)