ကော့ကရိတ် ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club နှင့် Youth Club ပူးပေါင်း၍ စာရေးဆရာ ဦးခင်မောင်ညို (ဘောဂဗေဒ)ရေးသားသည့် ဒေးလ်ကာနက်ဂျီ ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က စာပေဖတ်ရှု လေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မား လာစေရန်နှင့် စာပေ အကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် Youth Club အဖွဲ့ဝင် မဆုပြည့်သျှံက အဆိုပါ စာအုပ်မှ တစ်ဖက်သား အရှက်မကွဲ စေရ ခေါင်းစဉ်မှာ မိမိအကြိုက် အနှစ်သက်ဆုံးဖြစ်ကြောင်း၊ ကိုယ့်ဘက်က လုံးဝမှန်ပြီး တစ်ဖက်သားက လုံးဝမှားနေလျှင်ပင် မျက်နှာပျက် အရှက်မရအောင် လုပ်ခြင်းဟာ အတ္တနှင့်မာနကို ထိခိုက်စေကြောင်း၊ လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်ခြင်းသည် ရာဇဝတ်မှုဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်း တစ်ယောက်သည် တစ်ဖက်သားကို အရှက်မကွဲစေရဆိုသည့် စာရေးဆရာက ရေးသားထားသည်ကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ Youth Club အဖွဲ့ဝင် မောင်ရဲဝင့်သူက အဆိုပါစာအုပ်တွင် ပါရှိသည့် အတွေးတူ၊ အကြံတူအောင်လုပ်နည်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော စာပေချစ်ပရိသတ်များ၊ စာပေဝါသနာရှင်များက သိရှိလိုသည်များကို မေးမြန်း ကြကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)