ငဖဲမြို့နယ် ချောင်းဖြူကျေးရွာတွင် ရာသီစာအဖြစ် မုန့်ဩဇာ လုပ်ကိုင်ရောင်းချ

ငဖဲ ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအပြင် ဆောင်းတွင်း ရာသီစာအဖြစ် မုန့်ဩဇာကို မိသားစုများ တပိုင်တနိုင်လုပ်ကိုင် ရောင်းချခြင်းဖြင့် စီးပွားရေး အဆင်ပြေနေကြောင်း သိရသည်။

မုန့်ဩဇာကို ခေါ်ပဲကောက်ညှင်းဆန် အမျိုးအစားကိုသုံးပြီး ၂ ည မှ ၃ ညထိ ရေစိမ်ထားရကြောင်း၊ စိမ်ပြီးသား ကောက်ညှင်းဆန်များကို ပေါင်းပြီး မောင်းနဲ့ ထောင်းရကြောင်း၊ ထောင်းပြီးသားမုန့်ကို မိမိလိုချင်သော အမျိုးအစားညှပ်၍ တနေလှန်းရကြောင်း၊ နေလှန်းပြီးသား မုန့်များကို ညနေပိုင်းမှာ သဲဖြင့်လှော်ရကြောင်း၊ လှော်ပြီးသား မုန့်များကို ထန်းလျက်၊ ကြံသကာရည်တို့ဖြင့် ယိုထိုး ရောင်းချရကြောင်း သိရသည်။

"မုန့်ဩဇာလုပ်ငန်းကို လုပ်ကိုင်ရောင်းချလာတာ ၆ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ တဖြည်းဖြည်း အလုပ်သမား (၃)ဦးခန့် ငှားရမ်း၍ တွင်ကျယ်စွာ ရောင်းချလာရကြောင်း၊ နှစ်စဉ် တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့မှစ၍ လုပ်ကိုင်ရောင်းချပြီး တစ်နေ့လျှင် ကောက်ညှင်းဆန် ပြည် ၂၀ မှ ၃၂ ပြည်အထိ လုပ်ကိုင်ရကြောင်း၊ မိမိလယ်ယာမှထွက်ရှိသော ကောက်ညှင်းဆန်ကို မုန့်လုပ်ရောင်းချနေခြင်းဖြစ်ပြီး ဝယ်ယူမည် ဆိုပါက ကောက်ညှင်းဆန် တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀ နှုန်းရှိကြောင်း၊ ကြံသကာ တစ်ပိသာကို ငွေကျပ် ၂၀၀၀ နှုန်းပေးဝယ်ရကြောင်း၊ မုန့်ဩဇာကို အလှူမင်္ဂလာဆောင်၊ ပွဲလမ်းသဘင်များရှိက ပိသာအချိန် ၄၀၊ ၅၀ စသည်ဖြင့်မှာ၍ ဝယ်ယူကြကြောင်း၊ ယခင်နှစ်က ကိုဗစ်-၁၉ ကာလဖြစ်နေလို့ ပွဲလမ်းသဘင်များမရှိ၍ မှာယူသူနည်းပါးကြောင်း၊  ယခုနှစ်မှာ မုန့်ဩဇာကို ငဖဲမြို့မဈေး၊ ပဒါန်းကျေးရွာ၊ မင်းတုန်း၊ ရွှေချောင်း၊ ရှမ်းတပ်ကျေးရွာများသို့ တစ်ပိသာကို ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဖောက်သည်ဈေး ပေးသွင်းရောင်းချရကြောင်းနှင့် မိသားစုတပိုင်တနိုင် မုန့်ဩဇာလုပ်ငန်းဝင်ငွေဖြင့် သားသမီးများ၏ ပညာရေး ကုန်ကျစရိတ် ကာမိပြီး စီးပွားရေး အဆင်ပြေချောင်လည်လာကြောင်း" မုန့်ဩဇာလုပ်ငန်းလုပ်ကိုင် ရောင်းချသူ ဦးဝင်းဇော်က ပြောကြားသည်။

အဆိုပါ မုန့်ဩဇာကို ကလေး၊ လူကြီးမရွေးကြိုက်နှစ်သက်ကြပြီး ချောင်းဖြူကျေးရွာတွင် မုန့်ဩဇာလုပ်ကိုင် ရောင်းချသူ ၄ ဦးခန့်ရှိကြောင်း သိရသည်။

မယု (ငဖဲ)