အထက်မင်းလှ ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က တောင်ရပ်ကွက်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေး နှိုးဆော်ခဲ့သည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ ထွက်ခွါသွားခြင်းမပြုရန်၊ မဖြစ်မနေ ထွက်ခွါသွားလာရပါက နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ ခပ်ခွါခွါနေထိုင်ကြရန်စသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
ထို့အပြင် မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ရုံးရပ်တောင် ရပ်ကွက်ရှိ ဦးကင်းဘုရား ဓမ္မာရုံတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်အထက် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သွားရောက်ထိုးနှံကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)