အခြေခံလူတန်းစား လက်လုပ်လက်စားများသို့ တန်ဖိုးနည်း ဇလုံထမင်းရောင်းချ

ကော့သောင်း  ဒီဇင်ဘာ  ၇

ရပ်ကွက်ပြည်သူမိသားစုများနှင့် အခြေခံလူတန်းစားလက်လုပ်လက်စားများ အဆင်ပြေစေရေး၊ ကော့သောင်းမြို့ခံ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ရွှေအဏ္ဏဝါပရဟိတအဖွဲ့မှ တန်ဖိုးနည်းဇလုံ ထမင်းနှင့် ဟင်းလျာအား ယနေ့ နံနက်၁၀နာရီ က ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ အများပြည်သူနားနေဆောင် တွင် ရောင်းချပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါအစီအစဉ်တွင် COVID-19 ရောဂါထိန်းချုပ်မှုကာလအတွင်း အခြေခံလူတန်းစာများ အဆင်ပြေစေရန်ရည်ရွယ်ကာ လူမျိုးဘာသာမရွေးစားသုံးနိုင်သည့် ထမင်း၊ကြက်သားဟင်း၊ ပဲဟင်းချို၊ ငပိတို့စရာအပါအဝင် ဇလုံထမင်းတစ်ပွဲလျှင်၅၀၀ကျပ်ဈေးနှုန်းဖြင့် နေ့၁၀နာရီမှ ၁၂နာရီအထိ ရောင်းချ ပေးခဲ့ကြရာ လမ်းသွားလမ်းလာများ၊ ဆိုင်ကယ်ကယ်ရီလုပ်သားများနှင့် မြို့နေပြည်သူ အခြေခံလူတန်းစားများ ဝယ်ယူအားပေးစားသုံးခဲ့ကြသည်။

အဆိုပါအစီအစဉ်ကို ကော့သောင်းမြို့ခံပရဟိတအဖွဲ့တစ်ခုဖြစ်သည့်ရွှေအဏ္ဏဝါပရဟိတအဖွဲ့မှ အခက်အခဲဖြစ်ပေါ်နေသည့် အခြေခံလူတန်းစားများအတွက် ရည်ရွယ်ကာ ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး အမြတ်အစွန်း ရရှိရေးအတွက်ဆောင်ရွက်ခြင်းမျိုးမဟုတ်ကြောင်း၊ အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် လူတန်းစားများသို့ လှူဒါန်းကျွေးမွေးသည့် သဘောမျိုးဖြစ်သာဖြစ်ကြောင်း၊ နေ့စဉ် အခြားရပ်ကွက်များအတွင်းသို့လည်း လှည့်လည်ရောင်းချပေးသွားရန်အစီအစဉ်ရှိ ကြောင်း၊ နေ့လည်စာအပြင် ညနေစာအဖြစ်ရောင်းချပေးမည့် အစီအမံများလည်း ဆက်လက် ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်း ပရဟိတအဖွဲ့ တာဝန်ခံ ဦးခိုင်စိုး၏ပြောဆိုချက်အရ သိရသည်။

ကျော်စိုး(ကော့သောင်း)