ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာအုပ်စုတွင် ကုန်ထုတ်လမ်းကောင်းမွန်စေရေး စက်ယန္တရားများဖြင့် ပြင်ဆင်ဆောင်ရွက်နေ

ဘိုကလေး    ဒီဇင်ဘာ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ရွာသူရွာသားများ၊ လယ်သမားများပူးပေါင်း၍ ကျေးရွာအုပ်စုအတွင်းရှိ ကုန်ထုတ်လမ်းများ ကောင်းမွန်စေရေး၊ ကုန်းလမ်းသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် စက်ယန္တရားများဖြင့် မြေသားလမ်းများအား ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

၎င်း ပြင်ဆင်ခြင်းလုပ်ငန်းများအား ဒီဇင်ဘာ (၆)ရက်နေ့မှ စတင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအချိန်ကာလသည် စပါးထွက်ရှိသည့် အချိန်ဖြစ်သည့်အတွက် စပါးများသယ်ယူပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့နိုင်ရေး ကုန်ထုတ်လမ်းများကောင်းမွန်ဖို့ လိုအပ်သောကြောင့် လမ်းများပြင်ဆင်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စက်ဆန်းကျေးရွာအုပ်စုလမ်းသည်  ကုန်းလမ်းကြောင်းဖြင့် စက်ဆန်းကျေးရွာအုပ်စုမှ ထော်ပိုင်ကျေးရွာအုပ်စု၊ ကသပေါင်းကျေးရွာအုပ်စုများသို့ သွားရောက်နိုင်ပြီး ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်တို့နှင့်ပါ ထိစပ်နေသောလမ်းဖြစ်ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)