ဖြူးမြို့နယ်တွင် ကျေးရွာ(၄)ရွာအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေ သိန်း(၁၀၀)စီ လွှဲပြောင်း ပေးအပ်

ဖြူး  ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများတွင် လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းကျော်က ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဖြူးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေ ပေးအပ်ရာတွင် လိုအပ်သည့်  သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာ(၄)ရွာဖြစ်သော ချောင်းကောက်  ကျေးရွာအု်ပစု၊ သရက်ကုန်းကျေးရွာ၊ သာဓုကန်ကျေးရွာအုပ်စု၊ ရုစကားကျေးရွာ၊ သပြေလဟာကျေးရွာ အုပ်စု၊ သပြေလဟာကျေးရွာ၊ သစ်ပတ်ကုန်းကျေးရွာအုပ်စု၊ ကျောက်တိုင်အနောက်ကျေးရွာတို့အတွက် တစ်ရွာလျှင် ကျပ်သိန်း(၁၀၀)စီကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ပေးအပ်ပေးခဲ့ကြောင်းနှင့် ဖြူးမြို့နယ်တွင် ယခင်က ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေကို ကျေးရွာပေါင်း (၄၉)ရွာသို့ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ ဆောင်ရွက်ပေးသည့် ကျေးရွာ (၄)ရွာ အပါအဝင် စုစုပေါင်း (၅၃)ရွာကို ကျေးရွာများတွင် လိုအပ်သည့် ဖွံဖြိုးရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)