ကြံခင်း ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် စက်မှုဝန်ကြီးဌာန အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၃၂) အကြီးစား စက်ရုံ (ကြံခင်း) ပြန်လည် လည်ပတ်နိုင်ရေး Asia Square Power Group Co,Ltd နှင့် အကျိုးတူပူးပေါင်းပြီး ဘိလပ်မြေစက်ရုံ အဆင့်မြှင့်တင်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်သည့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၃၂)အကြီးစားစက်ရုံ(ကြံခင်း)မှ စက်ရုံမှုး ဦးဝင်းနိုင်က စက်ရုံ၏ သမိုင်းအကျဉ်းနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ကြံခင်းမြို့ မြို့မိ/မြို့ဖ ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်မှ စက်ရုံပြန်လည်တည်ဆောက် လည်ပတ်ခြင်းဖြင့် မြို့ရွာများ ဖွံဖြိုးတိုးတတ်ပြီး လူမှုဘဝ စီးပွားရေးများ ကောင်းမွန်ပြည့်စုံလာမည်ဖြစ်သဖြင့် ဝမ်းမြောက်ပါကြောင်း မုဒိတာစကား ပြောကြားပါသည်။
ဆက်လက်ပြီး Asia Square Power Group Co,Ltd ဥက္ကဋ္ဌ ဒေါ်မိမိခင်မှ ကုမ္ပဏီဝန်ထမ်းများဖြင့် မိတ်ဆက်ပေးခြင်း၊ လုပ်ငန်းနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည်များအား ရှင်းလင်းပြောကြား ပြီး၊ Asia Square Power Group Co,Ltd ဘိလပ်မြေထုတ်လုပ်မှု နည်းပညာရှင် ဦးတင်ဝင်းအောင်မှ စီမံကိန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားရာတွင် အသစ်ပြန်လည် တည်ဆောက်မည့် စက်ရုံဧရိယာ၊ ရင်းနှီးမြုပ်နှံမည့်ပမာဏ၊ ဂျာမဏီနည်းပညာဖြင့် ထုတ်လုပ်မည့် (အခြောက်) နည်းစဉ်တစ်ရက် ဘိလပ်မြေတန်ချိန် (၃၀၀၀)ထွက်ရှိမည့် ကုန်ထုတ်လုပ်မှုပြ ပုံစံသစ်အားလည်းကောင်း၊ စက်ရုံဆိုင်ရာ အဓိကအကြောင်းအရာများအားလည်းကောင်း၊ ကုန်ထုတ်လိုင်းအတွက် ကျောက်မီးသွေးဓာတ်အားပေးစက် (CFPP) ဖြင့် လည်ပတ်ထုတ်လုပ်မည့် အစီအစဉ်အားလည်းကောင်း၊ ဘိလပ်မြေစက်ရုံ လည်ပတ်ထုတ်လုပ် ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျှော့ချရေး နည်းလမ်း(၅)ချက်ဖြင့် ဆောင်ရွက်သွားမည့် အချက်များအားလည်းကောင်း၊ အမှုန်အမွှားများထွက်ခြင်းအန္တရာယ်အား လျှော့ချခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ဒေသတွင်းဖွံဖြိုးတိုးတတ်ရေး (CSR) လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့်အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တတ်ရောက်လာကြသူများမှ သိလိုသည်များအား မေးမြန်းခြင်းနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးထွန်းသန့်ဇင်မျိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အမှတ်(၃၂) အကြီးစားစက်ရုံ (ကြံခင်း) စက်ရုံမှုးဦးဝင်းနိုင်နှင့် အရာထမ်းအမှုထမ်းများ၊ Asia Square Power Group Co,Ltd ဥက္ကဋ္ဌဒေါ်မိမိခင်နှင့် ကုမ္ပဏီဝန်ထမ်းများ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)