ထားဝယ် ဒီဇင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက လယ်ယာမြေများတွင် အမှန်တကယ်လုပ်ကိုင် စားသောက် နေသူများကိုမြေယာရရှိအောင်၊ စိုက်ပျိုးထားသည်ကို အကာအကွယ်ရရှိအောင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ လယ်ယာမြေများတွင် လက်လွှတ်ဆုံးရှုံးရ သောသူများ၊ လျော်ကြေးမရသောသူများကိုစီမံကိန်းတစ်ရပ်အနေဖြင့် အဓိကထားပြီး ပိုင်ဆိုင်မှု အထောက်အထားများဖြင့် ပုံစံ(၇)ရရှိအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် အမှန်တကယ်လုပ်ကိုင်ဆောင်ရွက် နေသူများကို ပုံစံ(၇)ရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းကိစ္စရပ် များတွင် အစိုးရအဖွဲ့တစ်ခုတည်းဆောင်ရွက်၍မရ သောကြောင့်တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေနွေးပေးစေလိုကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊အတွင်းရေးမှူး၊တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးဆန်းလင်းဦးက လယ်ယာမြေစီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)