ပဲခူး ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဘုရားကြီးမြို့ စက်မှုလယ်ယာ သင်တန်းကျောင်း၊ သင်တန်းခန်းမတွင် ယနေ့ နံနက်ပိုင်းအချိန်က လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူ သင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် ဌာနဆိုင်ရာများ၏ အင်အားတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့ လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှာဖြစ်ကြောင်း၊ လယ်ယာသုံး စက်ကိရိယာများကို လယ်ယာလုပ်ငန်းခွင်၌ စနစ်တကျနည်းမှန်လမ်းမှန် အန္တရာယ်ကင်းကင်း သုံးစွဲနိုင်ရန် အတွက် တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းကို ဖွင့်လှစ်ပေးရ ခြင်းဖြစ်ကြောင်း သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဦးသန်းထွန်းမှ စက်မှု လယ်ယာသင်တန်းကျောင်း (ဘုရားကြီး) ၏ သမိုင်းကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းဖွင့်လှစ်ပြီးစီးခဲ့မှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး စက်မှုလယ်ယာသင်တန်းကျောင်း (ဘုရားကြီး)ရှိ လယ်ယာသုံးစက်ကိရိယာ များအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၁/၂၀၂၁) အား ဒီဇင်ဘာလ(၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး (အရှေ့)မှ သင်းတန်းသား(၂၀)ဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)မှ (၁၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၇)ဦး၊ ဧရာဝတီ တိုင်းဒေသကြီးမှ (၂)ဦး၊ ရခိုင်ပြည်နယ်မှ (၁)ဦး၊ စုစုပေါင်း သင်တန်းသား(၄၂)ဦးတို့အား လက်သုံး ကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ထွန်စက်ကြီး၊ Engine System, Clutch & Transmission, Front Axle, Steering& Drive Line, Rear Wheel Drive & Brake System, PTO & Hydraulic, Electrical System, Driving Method, Maintenance & Repair ထွန်ယက်ကိရိယာများ၏ အခြေခံသဘောတရားနှင့် ထွန်းယက်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘုရားကြီးမြို့ နေရပ်ပြန်များလက်ခံရေး စခန်းသို့ သွားရောက်၍ လုပ်အားပေး တာဝန်ထမ်းဆောင်နေကြသည့် ပရဟိတအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပြီး နေရပ်ပြန်များ လက်ခံရေးစခန်း ပြောင်းရွေ့ဖွင့်လှစ်မည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ဘုရားကြီး) ဘဲမွေးမြူရေးစခန်းဝန်းအတွင်းရှိ အဆောက်အဦနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)