ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ဘားအံမြို့၊ သံလှယ်ကျေးရွာ ကိုယ့်အားကိုယ်ကိုး အောက်ဆီဂျင်စက်ရုံအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး

ဘားအံ   ဒီဇင်ဘာ   ၆

ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာ ကိုယ့်အားကိုယ်ကိုး အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က  စက်ရုံတည်ရှိရာ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့် ဒေသခံ ကျေးရွာသူ/ကျေးရွာသားများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လက်ရှိပြည်နယ်အတွင်းတွင် ဆေးရုံများ၊ Mobile စက် အပါအဝင် အစိုးရစက်ရုံ (၇)ရုံနှင့် ပုဂ္ဂလိက စက်ရုံ (၆)ရုံ တည်ဆောက်ပြီးစီးပြီဖြစ်၍ နေ့စဉ် အောက်ဆီဂျင် (၃၇၀၀၀)လီတာကို ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကျေးရွာအဆင့် အောက်ဆီဂျင် စက်ရုံအား စည်းစည်းလုံးလုံး ဝိုင်းဝန်းကူညီ တည်ဆောက်ပေးနိုင်ခြင်းကြောင့်လည်း ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဒေသခံ ပြည်သူတစ်ဦးမှ အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဆရာတော် အရှင်နန္ဒသာရမှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်နယ်ဝန်ကြီးချုပ်အား ပေးအပ်ခဲ့ပြီး အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ အောက်ဆီဂျင်စက်ရုံအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး၍ စက်ရုံအား လှည့်လည်ကြည့်ရှုခဲ့ပြီး Volunteer အဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် သိန်း(၂၀)နှင့် ကျေးရွာ အလှူရှင်များ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း (၈၀၀)ခန့် ကုန်ကျပြီး စက်ရုံမှထွက်ရှိသော အောက်ဆီဂျင်များကို ဇာသပြင်တိုက်နယ်ဆေးရုံ၊ သံလှယ်ကျေးရွာအုပ်စုနှင့် အနီးအနားကျေးရွာအုပ်စုများသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သံလှယ်အထက်တန်းကျောင်းသို့ ရောက်ရှိ ပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ကျောင်းသား၊ ကျောင်းသူများ၏ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး၍ ကာကွယ်ဆေးထိုးနှံပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား ငွေကျပ် (၃) သိန်းအား ထောက်ပံ့ချီးမြှင့်ပေးခဲ့ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလှယ်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကေတုမဟာထေရ်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နဝကမ္မထလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ သံလှယ်ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၀၀)ခုအား ပြည်သူလက်ဝယ်အရောက် ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလှယ်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ဗုဒ္ဓဂါယာဘုရားအား ဖူးမြော်ကြည်ညိုခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ ရောက်ရှိရာ သံလှယ်မြစ်ရေတင် ရှင်းလင်းဆောင်၌ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးက မြစ်ရေတင် လုပ်ငန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ရေ တင်လုပ်ငန်း စီမံကိန်းသီးနှံ လျာထား ဧက(၈၀၀)အား တောင်သူများအနေဖြင့် လယ်မြေချန်လှပ်မှု မရှိစေရေးနှင့် လိုအပ်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ မြေဩဇာများကို ကူညီဆောင်ရွက်ပေး နိုင်ရန် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ရေကြီးနစ်မြုပ်မိုးစပါးစိုက်တောင်သူများအား ဆောင်းသီးနှံအထွက်တိုးစေရေးအတွက် ယူရီးယား ဓာတ်မြေဩဇာ (၃၀)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မြစ်ရေတင်လုပ်ငန်းဧက (၈၀၀)ဧရိယာ အတွင်း စပါးစိုက်ခင်းများနှင့် ရေနုတ်မြောင်းများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့လိုက်ကျေးရွာ ဝါးဆူးကွင်းသို့ ရောက်ရှိပြီး တောင်သူများ နှင့်တွေ့ဆုံကာ ဝါးဆူးကွင်းအတွင်း တောင်သူများ စိုက်ပျိုးထားသော ဆောင်းသီးနှံမြေပဲ စိုက်ခင်း အား ကြည့်ရှုအားပေးခဲ့ပြီး ဆောင်းသီးနှံ(မြေပဲ)စိုက်တောင်သူများအား ကျောက်မှုန့်၊ ဂျစ်(ပ်)ဆမ် မြေဩဇာ (၃၀)အိတ်ကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဘားအံမြို့နယ် အတွင်း ဆောင်းဆီထွက်သီးနှံ စိုက်ဧကစုစုပေါင်း (၁၇၃၇၀)ဧက ရှိပြီး ဝါးဆူးကွင်းအနေဖြင့် ဆောင်း ဆီထွက်သီးနှံစိုက်ဧကပေါင်း (၃၂၆)ဧက ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)