စစ်ကိုင်းမြို့နယ်တွင် မိုးနှောင်းချဉ်မျှဉ်ရှည်ဝါ စံအထွက်နှုန်း တိုင်းတာတက်စေရန် ဝန်ထမ်း၊ တောင်သူ စွမ်းဆောင်ရည်မြင့်မားရေး လက်တွေ့သရုပ်ပြ

စစ်ကိုင်း ဒီဇင်ဘာ ၆

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူး၍ မိုးနှောင်းချဉ်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) စံအထွက်နှုန်း တိုင်းတာနိုင်ရေးကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ တောင်သူ ဦးဇော်ဝင်းထွန်း၏ ဝါစိုက်ခင်းတွင် လက်တွေ့ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရုပ်ပြပွဲသို့ စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ယခုနှစ် စိုက်ပျိုးထုတ်လုပ်မှု၏ အားနည်းချက်/ အားသာချက် အပေါ်မူတည်ပြီး ဒေသခံတောင်သူများ ပြုပြင်လိုက်နာစိုက်ပျိုးထုတ် လုပ်နိုင်ရန်နှင့် ဝန်ထမ်း၊ တောင်သူများ စွမ်းဆောင်ရည် မြင့်မားလာစေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေး ရှင်းလင်းပြီး ဒုတိယဦးစီးမှူး ဒေါ်ဆန်းဆန်းအေးမှ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးပေးခဲ့ကာ စံကွက် ကောက်သိမ်းခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်း(၆၉၉) ပိဿာခန့် ထွက်ရှိကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ  နည်းပညာပြန့်ပွားရေး စင်တာမှ တာဝန်ခံများနှင့် ဒေသခံ တောင်သူများ တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါအဖွဲ့များသည်  ဇီးချောင်းကျေးရွာအုပ်စု ကွင်းအမှတ်(၈၁၂)၊ တောင်သူ ဦးအောင်သိုက်၏ ရေကျနောက်စိုက်(သို့မဟုတ်)၊ မုယင်း(သို့မဟုတ်)၊ နွေစပါးဆင်းသုခ တင်း(၁၂၀)ထွက်ရှိရေး စံပြစိုက်ခင်း သီးနှံသက်တမ်း၏ ရှေ့သုံးပုံတစ်ပုံ ကာလအချိန်မီ ပေါင်းမြက်ကာကွယ်ရေးအတွက် (သမန်းနှိုး ကရိယာ)ဖြင့် သမန်းနှိုးဆောင်ရွက်ခြင်းကို လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်