ပွင့်ဖြူမြို့နယ် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက် ၁၁ နာရီ အချိန်က လူစည်ကားသည့် လေးတိုင်စင်လမ်းဆုံ၌ ပန်းခင်း စီမံချက်နှင့်ပတ်သက်ပြီး ပြည်သူများ သိရှိနိုင်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ အဖွဲ့က ပွင့်ဖြူမြို့နယ် လေးတိုင်စင် လမ်းဆုံနေရာနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့နေရာတွင် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင် စောင်ရေ(၃၀၀) ဖြန့်ဝေပေးခဲ့ပြီး ပန်းခင်း စီမံချက်နှင့် ပတ်သက်သည့် ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပေးနေမှုများကို အသိပညာပေးဟော ပြောဆွေးနွေး ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် ပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို မေလ(၃)ရက် နေ့မှ စတင်ကာ နေ့စဉ်ရုံးပိတ်ရက်မရှိ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။      

ခင်ဝါဝါလှိုင် (ပြန်/ဆက်)