ဟုမ္မလင်း ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အိမ်တွင်းမှုလုပ်ငန်း ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာရည် ထုတ်လုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန် က အဆိုပါရုံးသင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်း အခမ်းအနားတွင် မြို့နယ်ကျေးဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေ က သင်တန်းသား/သူများအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သော ပညာရပ်များကို မိမိတို့နေရပ်ဒေသ ရောက်ရှိတဲ့အခါ လက်တွေ့အသုံးချစေလိုကြောင်း၊ ဒါမှသာ မိသားစုဝင်ငွေတိုးပွားပြီး ထွက်ငွေနည်းမည်ဖြစ်ပါကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး ကျေးလက်နှင့် မြို့ပြကွာဟမှု နည်းပါးမှာဖြစ်ကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းမှုလုပ်ငန်း ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာရည် ထုတ်လုပ်နည်းများသာမက ထုတ်ပိုးပုံ၊ ထုတ်ပိုးနည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ထုတ်ပိုးတတ်အောင် သင်ကြားပေးလို့ မိမိတို့ဒေသ ရောက်ရှိတဲ့အခါ စီးပွားဖြစ်ထုတ်လုပ်နည်းတွေကို အကျိုးရှိစွာလုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သင်တန်းသား/သူများ ကိုယ်စား သင်တန်းသူတစ်ဦးမှာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေ က သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသား/သူများကိုယ်စား သင်တန်းသူ တစ်ဦးမှာ လက်ခံရယူခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းမှုလုပ်ငန်း ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာရည် ထုတ်လုပ်နည်းသင်တန်းကို ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာမှ သင်တန်းသား/သူ (၃၀)ဦးအား (၁-၁၂-၂၀၂၁)ရက်နေ့မှ (၅-၁၂-၂၀၂၁) ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်သင်တန်းများတွင် အခြေခံစက်ချုပ်သင်တန်းများ၊ အဆင့်မြင့်စက်ချုပ်သင်တန်းများ၊ အလှပြင်သင်တန်းများနှင့် သစ်သီးယိုထိုးနည်းသင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဧဆက်(ဟုမ္မလင်း)