မကွေးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Mask Campaign ပြုလုပ်

မကွေး ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး အမျိူးသမီးကော်မတီသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Mask Campaign ကို ယနေ့ နံနက်ပိုင်းက မကွေးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းရှေ့ အ.ထ.က(၁) လမ်းရှိ လမ်းသွား/လမ်းလာ ပြည်သူများအား လိမ္မော်ရောင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နှာခေါင်းစည်း (Mask) Campaign ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာချို၊ တိုင်းဒေသကြီး အမျိုးသမီး ကော်မတီဝင်များ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်မှု လျော့နည်းစေရေးနှင့် ပြည်သူများ နှာခေါင်းစည်း(Mask)တပ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ မူလတန်းကြိုကျောင်းရှေ့ အ.ထ.က(၁)လမ်းရှိ လမ်းသွား/လမ်းလာ ပြည်သူများအား လိမ္မော်ရောင် နှာခေါင်းစည်း(Mask) အခုရေ (၇၀၀)ခန့်အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု သိကောင်းစရာများအား အသိပညာပေး ဆောင်ရွက် ခဲ့ပြီးနောက် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ကလေးငယ်များ ပညာသင်ကြားနေမှုများအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

အလားတူ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ဦးဆောင်၍ ဒီဇင်ဘာလ(၇) ရက်နေ့တွင် မကွေးမြို့တော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုအောင်