တောင်တွင်းကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မုန့်မျိုးစုံ ထုတ်လုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၆

တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် ဒေသထွက်သီးနှံများကို အခြေခံ၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စားသောက်ကုန်ပစ္စည်းများအား ဗီတာမင်နှင့် အာဟာရဓာတ်များ ပြည့်ဝစွာပါရှိ၍ ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် မုန့်မျိုးစုံ ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျန်စုအုပ်စု၊ ရေဝေ(ကံတွင်း)ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှသောင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြိုနယ် ဦးစီးမှူး ဦးခုတ်မွန်းလျန်က ကျေးလက်ဒေသ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရေးအတွက် အသေးစား စက်မှုလက်မှု လုပ်ငန်းများအား မှတ်ပုံတင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာ ကာလတို သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ နည်းပညာလွှဲပြောင်း သင်တန်းပေးခြင်း၊ ပြည်သူလူထု ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းရေးအတွက် လူသုံးကုန်/ စားသောက်ကုန် များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ တီထွင် စမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသတွင်းပြည်သူ လူထုများ အနေနဲ့ ဌာနကပို့ချပေးတဲ့ သင်တန်းတွေကို တက်ရောက်ပြီး အသိပညာ၊ အတတ်ပညာများ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရန်၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ထူထောင် နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုရွှေစင်မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

"ကျွန်တော်တို့ ကျေးရွာကို ယခုလိုအခမဲ့ သင်တန်းဖွင့်လှစ်ပေးတဲ့အတွက် ကျေးလက်ဒေသက လူငယ်တွေ အလုပ်အကိုင်ရရှိရန်နှင့် ဒေသမှာထွက်ရှိတဲ့ ကုန်ကြမ်း ပစ္စည်းတွေကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိပြီး မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်တော့မည်ဖြစ်၍ ဝမ်းသာပီတိ ဖြစ်ရပါတယ်" ဟု ရပ်မိရပ်ဖတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၆ ရက်နေ့ထိ(၇)ရက် အခမဲ့ဖွင့်လှစ် ပို့ချခဲ့ပြီး သင်တန်းသား/သူ(၂၀)ဦးအား ဂျုံဖြင့်ပြုလုပ်သော ကိတ်အမျိုးမျိုး၊ ကွတ်ကီး အမျိုးမျိုး၊ မြေပဲယို၊ နှမ်းယို၊ မြေပဲဆားလှော်၊ နံကထိုင်၊ ချောကလက်နံကထိုင်၊ ခါဂျာ၊ စာကလေးခွေစသည့် စားသောက်ကုန် ထုတ်လုပ်နည်း (၂၃)မျိုးအား စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)