ပခုက္ကူမြို့ ဧရာဝတီမြစ်ကမ်းနံဘေးရှိ စိုက်ပျိုးမြေလယ်ကွက်များတွင် တောင်သူများ အလှည့်ကျ စနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိ

ပခုက္ကူ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းနံဘေးရှိ စိုက်ပျိုးမြေလယ်ကွက်များတွင် တစ်နှစ်တစ်ကြိမ် မဲနှိုက်စနစ်ဖြင့် စားသောက်ကုန် သီးနှံများကို အလှည့်ကျ စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများ ထံမှ သိရသည်။

ဧရာဝတီမြစ်မှ မြစ်ရေကိုအသုံးပြုပြီး မြစ်ကမ်းနံဘေးတွင် စိုက်ပျိုးလယ်ယာမြေ စိုက်ဧက (၇)ဧကနီးပါးကို ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာ တောင်သူများက စားသုံးကုန်သီးနှံများ စိုက်ပျိုးကြကြောင်း၊ ကုက္ကိုလှကျေးရွာတွင် အိမ်ထောင်စု(၂၇၀) ကျော်ရှိပြီး တစ်နှစ်ကို မဲလိပ်(၄၅)ခုတို့ဖြင့် မဲနှိုက်ရကြောင်း၊ မဲပေါက်သူများသာ မြစ်ကမ်းနံဘေးတွင် စိုက်ပျိုးခွင့်ရရှိပြီး မဲပေါက်သူများအနေဖြင့် နောက်နှစ်တွင် မဲလိပ်ထပ်မံနှိုက်ယူခွင့် မရှိကြောင်း၊ နောက်(၃)နှစ်မြောက်တွင်သာ ထပ်မံမဲပြန် နှိုက်ခွင့်ရှိကြောင်း၊ မိမိအနေဖြင့် စိုက်ပျိုးမြေဧက (ဒသမ၃၀)ကွက်ကို မဲပေါက် စိုက်ပျိုးခွင့်ရရှိထားပြီး ထိုမြေကွက်တွင် နံနံပင်၊ မုံညှင်း၊ ကဇွန်းရွက်၊ မြေပဲနှင့် ပဲလွန်းသီးများကို စိုက်ပျိုးထားကြောင်း၊ အခြားတောင်သူများ အနေဖြင့် မိမိစိုက်ပျိုးသည့် စားသုံးကုန် သီးနှံများအပြင် ဗူးသီး၊ ဖရုံသီး၊ ကြက်သွန်နီနှင့် ပဲအမျိုးမျိုး စိုက်ပျိုးကြကြောင်း၊ ထိုသို့စိုက်ပျိုးလုပ်ကိုင်ရာတွင် မိသားစုစားဝတ် နေရေး၊ သား/သမီးကျောင်းစရိတ်များအတွက်သာ အဆင်ပြေရုံရှိပြီး အမြတ်ငွေပိုမိုရရှိမှု နည်းပါးကြောင်း၊ အဆိုပါ ဧရာဝတီမြစ် ကမ်းနံဘေးတွင် အလှည့်ကျ စိုက်ပျိုးခွင့် ရရှိသည့် ကုက္ကိုလှကျေးရွာမှ တောင်သူ ဒေါ်အေးခိုင်က ပြောပြသည်။

အဆိုပါဧရာဝတီ မြစ်ကမ်းနံဘေး စိုက်ပျိုးလယ်ယာမြေများကို အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်နိုင်စေရန် ဒေသခံတောင်သူများအား မဲလိပ်(၄၅)ခုဖြင့် မဲနှိုက် ခိုင်းစေရာ တစ်ချို့တောင်သူများ အနေဖြင့် မိမိမဲပေါက်သော စိုက်ပျိုးလယ်ယာ မြေကွက်များတွင် စိုက်ပျိုးလုပ်ကိုင်လိုခြင်း မရှိပါက အခြားစိုက်ပျိုးလိုသည့် ဒေသခံ တောင်သူများထံ ပြန်လည် ရောင်းချ၍ စိုက်ပျိုးလုပ်ကိုင်စေသူများလည်းရှိကြောင်း၊ ယခင်နှစ်တွင် အိမ်ထောင်စု(၄၀)စု စိုက်ပျိုးလုပ်ကိုင်ကြပြီး ကျေးရွာတစ်ခုလုံးတွင် စိုက်ပျိုး လယ်ယာမြေ ဧကပေါင်း ၃၀၀ ကျော်ရှိကြောင်း ကုက္ကိုလှကျေးရွာ၊ ကျေးရွာခွဲတာဝန်ခံ ဦးမောင်ကိုလေး ထံက သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)