ကျွန်းလှ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် စပါးအပြင် ဟင်းသီးဟင်းရွက်သီးနှံများအား ချောင်းရေတင် စိုက်ပျိုးလျက်ရှိရာ ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော် နှစ်စဉ်ချောင်းရေတင်ပြီး ကန့်လန့်စိုက်ပျိုးပါတယ်။ ဒီနှစ်ဆောင်းရာသီမှာ ကန့်လန့်အပင် ၇၀၀ စိုက်ပျိုးထားတာ တစ်လခွဲရှိ၍ ချိုးယူရောင်းချနေရပြီဖြစ်ပါတယ်။ မျိုးဖိုး၊ မြေဩဇာ၊ ထွန်ယက်ခ၊ ဆေးဖိုး၊ လုပ်အားခ အပါဝင် ငွေကျပ် ၅၀၀၀၀ ကုန်ကျပါတယ်။ အလုပ်သမားငှားရင် တစ်ယောက်ငွေကျပ် ၄၀၀၀ ပေးရပါတယ်။ ယခင်နှစ်က ကန့်လန့် ၁၀ စည်းပါ အထုံးကြီးတစ်ထုံးငွေကျပ် ၅၀၀ ရောင်းရသော်လည်း ယခုအထုံးကြီး တစ်ထုံးကိုငွေကျပ် ၁၅၀၀ ရောင်းရပါတယ်။ တစ်နေ့အထုံးကြီး ၂၀ ကျော်ရရှိတဲ့အတွက် ငွေကျပ် ၃၀၀၀၀ ကျော်ဝင်ငွေရရှိပါတယ်”ဟု ရှမ်းစုကျေးရွာ တောင်သူ ဦးနိုင်က ပြောပြသည်။
ကျွန်းလှမြို့နယ်တွင် ချောင်း၊ မြောင်းနှင့် မြေအောက်ရေတင်စနစ်ဖြင့် မုံညှင်း၊ ကန့်လန့်၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ မုံလာထုတ်၊ ပန်းမုံလာ၊ နံနံ၊ ပဲအမျိုးမျိုး၊ ခဝဲ သီးနှံများ စိုက်ပျိုးကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ