သရက် ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပညာအလင်းအရောင်မြှင့်ထွန်းညှိရေး ပရဟိတအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် စာသင်နှစ်တွင် အဋ္ဌမတန်းဘာသာရပ်ထူးချွန်သူများအား ဆုချီးမြှင့်ပွဲအခမ်းနားကို ဒီဇင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ရုံးရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က ပညာရေးပရဟိတအဖွဲ့ ဖွဲ့စည်း ဖြစ်ပေါ်လာမှုနှင့် စီမံထားရှိမှုများကို ရှင်းလင်းပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးကျော်ဦးက ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံပညာတိုးတက်စေရေး ပညာရေးလမ်းညွှန်စကားပြေားကြားခဲ့သည်။ ယင်းနောက် အဋ္ဌမတန်းဘာသာရပ်ထူးချွန်ဆုရရှိခဲ့သူ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
ထို့နောက် ပညာအလင်းအရောင်မြှင့်ထွန်းညှိရေး ပရဟိတအဖွဲ့ဥက္ကဋ္ဌ လက်ထောက်မြို့နယ်ပညာရေးမှူး (ငြိမ်း) ဦးအောင်ကျော်စိုးက ပရဟိတအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြောကြားရာတွင် သရက်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အလယ်တန်းအဆင့်၏ အမြင့် ဆုံးအတန်းဖြစ်သော (ယခုနှစ်အတွက်) အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူများအား မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ထူးချွန်ပြိုင်ပွဲများကျင်းပ၍ ဆုရရှိသူများအား ဆုချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ တစ်ဘာသာချင်းအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၂) ဆု၊ ဘာသာရပ်စုစုပေါင်းပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၇)ဆု၊ သင်ကြားမှုထူးချွန်ဆရာ၊ ဆရာမဆု ဘာသာရပ်(၃)ခုပေါင်း ဆုရရှိသူကျောင်းသား၊ ကျောင်းသူ(၁၀)ဦးကို သင်ကြားပြ သပေးသူ ဆရာ၊ ဆရာမ(၁၀) ဦးတို့အား ဆုများချီးမြှင့်ပေးခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကိုလည်း နှစ်စဉ်ကျင်းပပေးသွားမည်ဖြစ်ကြောင်းတို့အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)