မကွေး ဒီဇင်ဘာ ၆
မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့နယ် အုန်းတွဲ ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် သည် အုန်းတွဲကျေးရွာရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ကိုင်ဆောင်သင့်သည် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိူးကျေးဇူးများနှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် နည်းလမ်းများအား လမ်းညွှန်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက အုန်းတွဲကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များ ဆောင်ရွက်ပေးခဲ့ရာ အသက် (၁၀)နှစ်ပြည့် ကျား(၅၅)ဦး၊ မ(၄၇)ဦးနှင့် အသက်(၁၈)နှစ်ပြည့် ကျား(၉)ဦး၊ မ(၁၄)ဦး စုစုပေါင်း(၁၂၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီးပြန်/ဆက်ဦးစီးမှူး ဒေါ်မာလာဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ကိုအောင်