တောင်ငူမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှုပြုလုပ်

တောင်ငူ ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်  မြို့မဈေးကြီးအတွင်း ယနေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ဈေးသူ ဈေးသားများနှင့် အတူ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ပွဲ ပြုလုပ်သည်။

ရှေးဦးစွာ သရုပ်ပြလေ့ကျင့်ပွဲတွင် အမြန်မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခြင်းကို မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက မြို့မဈေးကြီး ရုံအမှတ် (၁၅)၌ မီးငြှိမ်းသတ်ခြင်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးကိုကိုဌေးက မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အန္တရာယ် မရှိစေရေးအတွက် အမြန် မီးငြှိမ်းသတ်ခြင်းများ၊ မီးဘေးအန္တရာယ် အရေးပေါ် အချက်ပေးခြင်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများနှင့် မီးလောင်မှုကို မီးသတ် ဆေးဘူးများဖြင့် ကနဦးငြှိမ်းသတ်ခြင်း၊ မီးသတ် ပိုက်လိုင်းဖြင့် ငြှိမ်းသတ်ခြင်းများကို ရှင်းလင်းပြောကြားပြီး ဈေးသူ ဈေးသားများ၊ ဈေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် အတူ ဟန်ချက်ညီညီ သရုပ်ပြဇာတ်တိုက်လေ့ကျင့်သည်။

ယင်းနောက် သရုပ်ပြလေ့ကျင့်ပွဲသို့ တက်ရောက်ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်စိုး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့  ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ဖြိုးနှင့် တာဝန်ရှိသူများ၊ ခရိုင်မီးသတ်တပ်ဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး  ဦးသက်ဝင်းနှင့် တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း ရောင်းချ‌နေသည့် ဈေးဆိုင်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများနှင့် အရေးပေါ်ထားရှိသည့် မိန်းခလုတ်နေရာ များအား ကြည့်ရှုစစ်ဆေးကာ ဈေးသူ ဈေးသားများအား လိုအပ်သည်များ သိရှိနိုင်ရန် မှာကြားခဲ့ကြကြောင်း သိရသည်။ 

ကိုဇော်ထက်