ပွင့်ဖြူ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း ပြုလုပ်ဆောင်ရွက် ပေးနေမှုများနှင့် မပျောက်ပျက်အောင် ကိုင်တွယ် ထိန်းသိမ်းရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရေပုတ်ကြီးကျေးရွာရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက်ပြုလုပ်သည့် ဒေသခံပြည်သူ ၈၂ ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရေး အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ ဝန်ဆောင်ပေးခြင်းကို ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် နေ့စဉ် ရုံးပိတ်ရက်မရှိ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရကာ ကျန်ရှိသည့် ဒေသခံ ပြည်သူများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ပေး သွားမည်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)