ကျောက်တံခါးမြို့နယ်၌ အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ဆက်လက်ထိုးနှံပေး

ကျောက်တံခါး ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်း(၉)နာရီအချိန်မှ စ၍ အခြေခံပညာ အထက်တန်း (ကျောက်တံခါး) ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  (Sinovac) ထိုးနှံနေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေး စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက် ကြသည့် ကျောင်းသား၊ ကျောင်းသူ များအား သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခြင်း စာရင်းမှတ်တမ်းရေးသွင်းခြင်း ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အဆိုပါ (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ကျောက်တံခါးမြို့နယ်အတွင်းရှိ ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒိုဒေသများတွင်လည်း တပြိုင်နက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းစန်း